Friday, April 5, 2013

သူငယ်ချင်းတစ်ယောက် ကို ကလစ်ခေါက်ကြည့်ခြင်း


မနက်ဖြန်နဲ့လောင်းကြေးထပ်ထားတဲ့ ဒီနေ့ဟာ
ဖဲမခိုးပါဘဲ အံဝှက်တွေ ထွက်ကျလာ
သူငယ်ချင်း.......နေကောင်းလား....
ဒီမှာ ရာသီဥတုက မုန်တိုင်းဆန်ဆန် ထန်တယ် ထန်တယ်
နေရောင်အောက်မှာ ဆံပင်ရှည်တွေကို ဖြန်ကျက်လိုက်တဲ့သူငယ်ချင်း
နေရောင်အောက်မှာ ဆံပင်တိုတွေကို သပ်တင်နေတဲ့ သူငယ်ချင်း
နေရောင်အောက်မှာ ဦးထုတ်ကိုမချွတ်တမ်း ဆောင်းထားတဲ့ သူငယ်ချင်း
နေရောင်အောက်မှာ ဆံပင်မတိုမရှည်နဲ့ ညနေခင်းဆန်တဲ့ သူငယ်ချင်း
သူငယ်ချင်း.......နေကောင်းလား
ကဗျာတွေကို နှုတ်ခမ်းဝ ကနေ မှုတ်တင်ထားတဲ့ နေ့
နာရီသံတွေပေါ် ပေါ့ပ် သီချင်း ချိုချိုလေးတွေ လွှင့်တင်ထား
ဧရာဝတီ ကို မျက်မှန်လေးပင့်တင်လိုက်တဲ့ ဆောင်းရာသီမှာ
ဂစ်တာလေးတွေ ငိုနေကြ......အနွေးထည်ထူထူနဲ့
အရောင်မျိုးစုံ အိမ်မက် လေးတွေနဲ့......
ခဲလုံးတွေ အဆက်မပြတ် ထိမှန်နေပေမဲ့
အမှတ်မရှိတဲ့ စာသူငယ်လေးတွေပေါ့
တစ်ကိုင်းတည်းမနားပေမဲ့   ငှက်ကလေးတွေ
နွေရာသီကိုမျှော်နေတဲ့ မိုးစက်တွေ
မိုးရာသီကိုမျှော်နေတဲ့ နှင်းစက်တွေ
တစ်တောင်ဆင်း တစ်တောင်တက်နေတဲ့ လမ်းတွေ
အပေါက်အပြဲတွေနဲ့ လောက ကို ရင်ဘတ်ထဲ ကထုတ်ထားလိုက်
မီးတောက်နေတဲ့ စကားလုံးတွေ၊ မြှားတွေအစင်းစင်းစိုက်ခဲ့ပေါ့
အဖြူကိုအရောင်ဆိုး တဲ့ သူ တွေလို
ကိုယ်ခြေရာ ကိုယ် ပြန်ခြေရာကောက်စရာမလိုဘူး
ကြွေကျပြစရာမလိုဘူး......ကြွေသွားလဲ ပြန်ကောက်ပြစရာမလိုဘူး
ထာဝရ ပွင့်ဝေမဲ့ ပန်းတွေ လို....လန်းနေမယ်
အနာဂတ်တွေမှာ ဘယ်တော့မှမခြောက်ခမ်းဘူး
လေထဲမှာ ရယ်မောသံတွေ လွင့်ဝဲသွားတိုင်း
နေ့စဉ်ထုတ်ကုန် အာရုံအပိုင်းအစ တွေမှာ
ကဗျာတွေ စွန်းစွန်းသွားတိုင်း
သူငယ်ချင်းတစ်ယောက်ယောက် ကို ကလစ်ခေါက်ခေါက် ကြည့်နေခဲ့မိပေါ့....။                      ။




                                                                                      နွေဦးလေ
                                                                            သူငယ်ချင်းများအတွက်

No comments:

Post a Comment