Saturday, January 14, 2012

သမုဒ္ဒရာ ၀မ်းတစ်ထွာ



အလှည့်ကျ မနွဲ့စတမ်းပေါ့...
သမုဒ္ဒရာကို မီးလောင်တိုက်သွင်းမှုနဲ့
သံသရာမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း....
ဆိုပေမဲ့....
လောကမှာ..မွဲတစ်ခါ...ပြာတစ်လှည့်
ငါတို့ကို မငဲ့ခဲ့ဖူး....။

အဆင်းဘီးတပ်တယ်ပဲ ပြောပြော
ကိုယ်ပေါင်ကိုယ်လှန်ထောင်းတယ်ပဲ ဆိုဆို
ဝေခွဲမှုရဲ့ ဗဟိုမှာ... ငါဟာငါ့ကို မျက်နှာချင်းဆိုင်လို့...

အလှည့်ကျမနွဲ့စတမ်းပေါ့ဗျာ...။



နွေဦးလေ
                  Hello ဂျာနယ်



Tuesday, January 10, 2012

ပြည်ချောင်းသာ သောင်ကမ်းမှာ

   


     ပြည်ချောင်းသာ ပေါ်နေပြီတဲ့။ သူငယ်ချင်းရဲ့ သတင်းပေးစကားကြောင့် ကျွန်တော့်ရင်ထဲမှာ ဒိတ်ခနဲ ခုန်သွားရတယ်။ ပျော်တာလား ဘာလား ခွဲခြားမရဘဲ ဘာလိုလိုကြီးရယ်။
       နွေရာသီတောင်မရာက်သေးဘူး။ ဆောင်းလယ်ကျော်ရုံ ရေစစ်သွားတာနဲ့ သောင်ခုံတွေပေါ်စပြုလာပြီ။
နွေရာသီဆို သောင်တွေ ဘယ်လောက်များ ထွန်းလာလိုက်မလဲ။
       မနှစ်နွေတုန်းကလည်း သင်္ကြန်ရက်အကျော် ကျွန်တော်တို့မိသားစု ချောင်းသာအပန်းဖြေခရီးကနေ
ပြန်ရောက်လာတော့  သူငယ်ချင်းတွေက  “ မင်းတင် ချောင်းသာရောက်တာ မဟုတ်ပါဘူးကွ။ ငါတို့လည်း နေ့တိုင်း ချောင်းသာရောက်တာပဲ...” တဲ့။ အကြောင်းမသိတဲ့ ကျွန်တော်က ဒီကောင် ဘာကြောင်တာလဲ၊ ငါ့ကို လာကျပ်နေတာလားပေါ့။
      နောက်မှသိရတာက ကျွန်တော်တို့ရဲ့ ပြည်မြို့၊ ဧရာဝတီမြစ်ထဲမှာ သောင်ခုံကျယ်ကြီးပေါ်နေပြီး ဘယ်သူက  “ ပြည်ချောင်းသာ ” လို့ စခေါ်လိုက်မှန်းမသိဘဲ နာမည်တွင်သွားသတဲ့။ မကြာခင်မှာပဲ သောင်ခုံပေါ်မှာ အုန်းလက်တဲလေးတွေ၊ ဘောကွင်းငှားတဲ့သူတွေ ၊ အကြော်လာစားတဲ့သူတွေနဲ့ ခေတ္တရာရဲ့ ဧရာဝတီညနေခင်းတွေဟာ ကားကြီးကားငယ်တွေ၊ ဆိုင်ကယ်အုပ်စုတွေနဲ့ တိုးမပေါက်အောင် စည်တယ်ဆိုပဲ။
      ကျွန်တော်ကလည်း ပင်လယ်ချောင်းသာမှာ ရေဆော့ပြီး ပိုးက မသေသေးခင်ဆိုတော့ အလွမ်းပြေ ပြည်ချောင်းသာကိုဆင်းဖို့ ဟန်ရေးတပြင်ပြင်နဲ့ပေါ့။  သူငယ်ချင်းတွေနဲ့ ချိန်းထားပေမယ့် စည်းကမ်းကြီးတဲ့ ကျွန်တော့်မိဘတွေက “ ဘာမှန်းညာမှန်းမသိ ရေထဲကို ဒီအတိုင်းကြီး မလွှတ်နိုင်ဘူး။ သိတ်သွားချင်ကြရင် သားနဲ့သမီးကို ဖေဖေနဲ့ မေမေ ကိုယ်တိုင်လိုက်ပို့မယ်...” တဲ့။
     ဒီလိုနဲ့ မိသားစုအားတဲ့တစ်ရက်တော့ ပြည်ချောင်းသာကို ဆိုင်ကယ်ကိုယ်စီနဲ့ လေ့လာရေး အရင်ထွက်ခဲ့ပါတယ်။
      ရန်ကုန်- ပြည် လမ်းမကြီးဘေး၊ ပြည်မြို့အ၀င် မင်းကြီးတောင်ခြေက မိကျောင်းရဲရွာလေးနားမှာ မြစ်ရဲ့သုံးပုံတစ်ပုံလည်းမက၊ တစ်ဝက်လည်း မရှိတရှိလောက်အထိ သောင်ပြင်ကျယ်ကြီး ပေါ်နေတာကိုး။ လူတွေ စည်ကားနေလိုက်တာကလည်း အုန်းအုန်းကျွတ်ကျွတ်နဲ့ ပျော်စရာကြီးပါ။ ဆိုင်ကယ်၊ စက်ဘီးအပ်တဲ့နေရာနဲ့၊ ဖိနပ်အပ်တဲ့နေရာနဲ့။ အနီးပတ်ဝန်းကျင်ကလူတွေလည်း အလုပ်ကိုဖြစ်လို့။
      ကျွန်တော်တို့မိသာစုက ကမ်းပါးအပေါ်ကနေ ရပ်ကြည့်နေတုန်းမှာပဲ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတစ်သိုက်က ဆိုင်ကယ်အပ်၊ ဖိနပ်အပ်ပြီး သောင်ပြင်ပေါ်ဆင်းသွားကြပြီ။ တစ်ယောက်ကိုတစ်ယောက် စနောက်ပျော်ရွှင်ပြီး ဓာတ်ပုံတွေ ရိုက်ကြ၊ ဘောကွင်းတွေ ငှားစီးကြနဲ့ သောင်ခုံပေါ်ကနေ ရေထဲကို အ၀တ်အစားတွေ မချွတ်ဘဲဆင်းသွားကြတယ်။ ဒီအချိန်မှာပဲ ပြန်တက်လာတဲ့ လူငယ်ကောင်လေး၊ ကောင်မလေးတစ်စုကလည်း ရေစိုအ၀တ်အစားတွေနဲ့ပဲ ဆိုင်ကယ်ပေါ်တက်ခွပြီး ပြန်သွားကြပြန်တယ်။
      ဟုတ်သားပဲလေ။ အ၀တ်အစားလဲစရာ နေရာကမရှိတော့ ဒီအ၀တ်အစားနဲ့ပဲ ရေထဲဆင်း၊ ဒီရေစိုအးဝတ်တွေနဲ့ပဲ  အိမ်ပြန်ကြရတာပေါ့။
      ညီမလေးကတော့ ကလေးပီပီ သောင်ခုံပေါ်ဆင်းကြဖို့ ခုန်ဆွခုန်ဆွနဲ့ အော်ဟစ်ပူဆာနေပြီ။ ကျွန်တော်ကတော့ ပင်လယ်ပိုးကလည်း မသေသေး။ မြစ်ထဲက သောင်ခုံနဲ့မမျှတဲ့ လူအုပ်ကြီးကို ကြည့်ပြီးတော့လည်း ခပ်ရွံ့ရွံ့ဖြစ်နေတာပေါ့။
      “ ရေချိုဆိုတာ ပင်လယ်ရေငန်ထက်တောင် ချိုးလို့ကောင်းတာပဲ သား။ ဒါပေမယ့် သောင်ခုံအကျယ်နဲ့ မမျှတတဲ့ လူအုပ်ကြီးက များလွန်းပြီး ရေက မသန့်တော့ဘူးပေါ့။ နောက်တစ်ခုက မြို့ရဲ့ရေဆိုးထုတ်တဲ့ ဘူးခါးချောင်းလေးကို သားသိတယ်မဟုတ်လား။ အဲဒါ ခုသောင်ခုံရဲ့ အထက်မှာလား၊ အောက်မှာလား သား စဉ်းစားကြည့်စမ်း...”
      “ ဟာ ဟုတ်ပါရဲ့။ သူ့ရဲ့အထက် သိတ်မကွာလှဘူးပဲ ”
      “ ဒါဆို သားဦးနှောက်နဲ့ သား စဉ်းစားတော့။ ပြည်ချောင်းသာမှာ ရေသွားဆော့သင့် မဆော့သင့်ဆိုတာ..”
      ဒီလိုနဲ့ မနှစ်ကနွေရာသီမှာ ပြည်ချောင်းသာကို ကျွန်တော် မဆင်းဖြစ်ခဲ့ပါဘူး။
xxxxxxxxxx


      ခုတစ်ခါ ပေါ်လာတဲ့ သောင်ခုံတွေက မနှစ်နွေက သောင်ခုံတွေထက် အထက်ဘက်ပိုကျပါတယ်။ မနှစ်နွေသောင်ခုံက န၀ဒေမြစ်ကူးတံတားကြီးရဲ့ အောက်ဘက်အခြမ်းမှာပါ။ ဒီနှစ်ဆောင်းသောင်ခုံက တံတားကြီးရဲ့အထက်ဘက် အခြမ်းမှာ ပေါ်လာတာပါ။ နောက်ပြီး ဘူးခါးချောင်းရဲ့အထက်ဘက်မှာလည်း ဖြစ်ပါတယ်။
       ဒါဖြင့် ဒီတစ်ခါတော့ ကျွန်တော် ရေချိုးဆင်းလို့ရပြီပေါ့။ ကျွန်တော် ပျော်သွားပါတယ်။
      “ သားတို့က ပျော်ဖို့ပဲ တွေးတတ်တာကိုး။ မြစ်ထဲမှာ သောင်ခုံတွေပေါ်တာ ကောင်းတဲ့အလားအလာ မဟုတ်ဘူးကွဲ့။ ရေကျချိန်မှာ သောင်တွေပေါ်မယ်၊ ရေတိုးချိန်မှာ မြစ်ရေလျှံမယ်၊ မြစ်ထဲမှာ အမှိုက်တွေ၊ အနယ်အနှစ်တွေ များလာပြီး တဖြည်းဖြည်း ကောလာတဲ့သဘောကို ပြတာပဲ။ မနှစ်တုန်းကလည်း ပြည်ချောင်းသာဆိုပြီး ဆော့လိုက်ကြတဲ့လူတွေ၊ စားလိုက်ကြတဲ့လူတွေ။ အစားအသောက်တွေ၊ အကြော်တွေရောင်းနဲ့ စည်ကားလိုက်တဲ့ လူတွေ။ အမှိုက်တွေကိုတော့ စနစ်တကျ မစွန့်ပစ်ဘဲ သောင်ခုံပေါ်မှာ ပြန့်ကျဲလို့....၊  သားမှတ်မိလား။ မေမေတို့သွားကြည့်တုန်းက သောင်ပြင်ပေါ်မှာ တလွင့်လွင့်နဲ့ ရောင်စုံကြွပ်ကြွပ်အိတ်တွေဆိုတာ သောင်ခုံပေါ်က လူတွေထက်တောင်ပိုများဦးမယ်..”
      ကျွန်တော် တွေသွားပါတယ်။ ကျွန်တော်က လူငယ်ဆိုတော့ ပျော်နေကြတဲ့သူတွေကိုပဲ အားကျငေးမောနေခဲ့တာပါ။ ဖေဖေနဲ့မေမေကတော့ လူကြီးပီပီ မြော်မြင်တွေးတောနေခဲ့မှာပေါ့။
      ကြွပ်ကြွပ်အိတ်တွေ မကောင်းကြောင်း မေမေက အမြဲပြောတတ်ပါတယ်။ ကမ္ဘာကြီးရဲ့ မြေဆီလွှာတွေ ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးရတဲ့အကြောင်း ဖေဖေက ကြုံတိုင်းညည်းတွားတတ်ပါတယ်။
     ဧရာဝတီမြစ်ထဲက သောင်ခုံပေါ်လာတာကို ပြည်ချောင်းသာဆိုပြီး ပျော်ဖို့ ကျွန်တော်တို့က ဟန်ရေးပြင် ပျော်ရွှင်နေချိန်မှာ ဖေဖေနဲ့မေမေတို့က မြစ်ထဲကျမယ့် အမှိုက်တွေ၊ အနယ်အနှစ်တွေအတွက် ပင့်သက်ရှိုက်နေကြပါတယ်။
      ဖေဖေနဲ့မေမေ ရင်မမောရဘဲ ကျွန်တော် ပျော်ရွှင်နိုင်ဖို့အရေး ကျွန်တော် နေ့တိုင်းတွေးနေမိပါတယ်။
      မြစ်ရေ ဒီ့ထက်ကျလာလို့ သောင်ခုံကြီး ပိုကျယ်လာရင် လူတွေလည်း ပြည်ချောင်းသာဆိုပြီး မနှစ်နွေကလို စည်ကားလာကြဦးမှာပဲ။ အမှိုက်တွေ၊ ကြွပ်ကြွပ်အိတ်တွေ ၊ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျစွန့်ပစ်လာအောင် ကျွန်တော် ဘယ်လိုစွမ်းဆောင်ရရင်ကောင်းမလဲ။
      ဟုတ်ပြီ။ လူမှုရေးလုပ်ငန်းတွေလုပ်နေကြတဲ့ ခေတ္တရာလုငယ်အသင်းက အစ်ကိုကြီးတွေကို ပြောပြပြီး အမှိုက်ပုံးနဲ့ အမှိုက်စနစ်တကျ စွန့်ပစ်ဖို့ စာတန်းလေးတွေ သောင်ခုံအနှံ့မှာ ထားပေးဖို့ အကြံပေးတိုက်တွန်းရမယ်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်တပ်တစ်အားပါဝင်မယ်။
     ဒါဆို ဖေဖေနဲ့မေမေလည်း သက်ပြင်းချ၊ ကျွန်တော်လည်း ပျော်လို့ရပြီ ထင်ပါတယ်။
xxxxxxxx


မောင်မောင်ခန့်
April, 2009.... Teen Magazine
(ရေးကြည့်ပါကဏ္ဍ)


မှတ်ချက်.... မောင်မောင်ခန့်ကလောင်အမည်ဖြင့် လွန်ခဲ့သည့်သုံးနှစ်ခန့်က ကျွန်တော်ရေးခဲ့သော အက်ဆေးလေးဖြစ်ပါသည်။ ယခုမူ ပြည်ချောင်းသာဖြစ်ခဲ့သော နေရာတွင် သောင်ခုံကြီးသည် မြစ်တစ်ဝက်လောက်ဖြစ်လာသောကြောင့် ကျယ်ပြန့်လှသောသောင်ပေါ်မှ ရေထဲရောက်ရန်ပင် ဝေးလွန်းသောကြောင့်လော....၊ မြို့နယ်စည်ပင်ကပင် ခွင့်မပြုတော့သလော မသိပါ။ ပြည်ချောင်းသာဟူ၍လည်း မစည်ကားတော့ပါ။ ရေချိုးဆင်းသူလည်း မရှိတော့ပါ။

Friday, December 9, 2011

ကလောင်၏ လားရာ



ကလောင်သွားနဲ့ ကမ္ဘာကိုဆေးခြယ်
ကလောင်သွားနဲ့ စိတ်တွေကိုဆေးခြယ်
ကလောင်သွားက တစ်ခါတစ်ရံဓားတစ်လက်
တစ်ခါတစ်ရံ ပန်းတစ်ပွင့်
စုန်မဆင်းဘဲ ဆန်တက်
ပဉ္စလက်ဆန်ဆန် အရေးအသား
အသွေးအသားထဲ စိမ့်ဝင်နိုင်လောက်တဲ့အတွေးများနဲ့
စေတနာတွေစီးဝင်နေတဲ့ ကလောင်ထိပ်ဖျားကနေ
လက်စွမ်းတွေပြခဲ့တာ ခေတ်အဆက်ဆက်။

ရာသီတွေ နာရီတွေကို
သူ့အရေးအသား သူ့ကာရံတွေနဲ့ အလှဆင်ပစ်လိုက်တာ
ငါတို့ကမ္ဘာကြီး ရွှေရောင်ဖုံးလွှမ်းသွားတဲ့အထိ။
နာရီတွေ ဘယ်လောက်ဟောင်းဟောင်း
ကာလတွေ ဘယ်လောက်ကြာကြာ
ရွှေချထားသင့်တဲ့ သူတို့လက်စွမ်းတွေ
ဘယ်သောအခါမှ ပျောက်ပြယ်မသွားနိုင်တော့
ကလောင်နဲ့ လောကကို အလှဆင်
ကလောင်နဲ့ အသိဥာဏ်တွေ မြှင့်တင်ပေး
ကလောင်လိပ်ပြာနဲ့ ပညာဝတ်မှုံတွေ
ပြန့်ကျဲစေလိုက်တာ...
တစ်ကမ္ဘာလုံး ဖုံးတဲ့အထိ....။


နွေဦးလေ

Wednesday, November 30, 2011

နွေအလွမ်း



နွေအလွမ်း
ချစ်ခြင်းဟာ
သစ်ရွက်ခြောက်တွေလို တစ်ရွက်ချင်းကြွေကျ
ကျွန်တော်လာနေကျ လမ်းလေးဘေးမှာ
အမှိုက်ပုံလေးဖြစ်ခဲ့ရောပေါ့။

ဟောကြည့်
လေနှင်ရာဘက်ကို ယိမ်းထိုး
ဟိုတစ်ရွက် ဒီတစ်ရွက်နဲ့
အပြတ်ပြတ် ကွဲထွက်
လိုရာမရောက် ခရီးမပေါက်ခဲ့တဲ့
ဝိညာဉ်တစ်ခုအတွက်တဲ့လား...
လိုရာမပြော စည်းစောင့်ခဲ့တဲ့
နှုတ်ခမ်းတစ်စုံအတွက်တဲ့လား...
သက်ပြင်းညည်းသံတွေ
နားမဆံ့အောင်ကြားခဲ့ရပေါ့
အင်း...
ခြေတစ်လှမ်းရဲ့ တန်ဖိုး
အပြုံးတစ်ပွင့်ရဲ့ တန်ဖိုးကို
နှလုံးတစ်ချက်ခုန်နှုန်းနဲ့
ကျွန်တော်ဆုံးဖြတ်ပါရစေဗျာ။

အသွားလမ်းကို
ကျွန်တော့်အတွက် အပြန်လမ်းအဖြစ်
ကျွန်တော် တစ်နွေကုန်လည်း စောင့်မျှော်နေမိ
ငေးငိုင်နေမိ။

ကျွန်တော့်အတွက်သူမဟာ ဘယ်တော့မှအဆုံးမရှိ
ကျွန်တော်ကိုယ်တိုင်လည်း အဆုံးမသိ။
အို...ဒီတစ်နွေအကုန်မှာတော့
အလွမ်းတွေတစ်ခွက်ပြီး တစ်ခွက်မော့သောက်ရင်း
ကျွန်တော့်ရဲ့ချစ်ခြင်းဟာ ရွက်ကြွေတွေအဖြစ်....။

နွေဦးလေ
                                                     Hello ဂျာနယ်

ပန်းပျိုးလက်များ



-အမှားကိုကြဉ်
 အမှန်ပြင်
 ရေစင်ပက်ဖျန်း
 ပန်းတွေလန်းစေ။

-တုံ့ပြန်အကြိုး
 မမျှော်ကိုး
 ရိုးဂုဏ်ဒီလမ်း
 ပန်းတွေလန်းစေ။

-မခွဲကျောရင်
 ထွေးပွေ့ချင်
 တူယှဉ်ရင်နန်း
 ပန်းတွေလန်းစေ။    ။

-လူ့ဘုံခန်းဝါ
 အနှိုင်းမဲ့ဆရာ
 မေတ္တာစွမ်းနဲ့
 ပန်းတွေလန်းစေ၊

-ပန်းဥယျာဉ်ကမ္ဘာ
 ရောင်စုံဖြာ
 ထာဝစဉ်စိမ်းလန်း ဒီစခန်းမှာ
 ပန်းပျိုးလက်များ
  ကမ္ဘာတည်စေ။    ။

                                             နွေဦးလေ
                                               အ.ထ.က (၁)ပြည်       ကျောင်းနှစ်ပတ်လည်မဂ္ဂဇင်း

အို....၀တ်ရုံ







ရွှေအတိဖုံးခြင်းမျိုးမဟုတ်
ငွေအတိပြီးခြင်းလည်း မဟုတ်
သို့သော်
တဒုတ်ဒုတ်...ရင်ခုန်သံတို့သည်ကား
ကောင်းကင်ထိတိုင်...ဝေဆာလျက်
အို...အမိ။
ချစ်သော သား၊ သမီးတို့သည်ကား
အရွယ်ရောက်၊ လူလားမြောက်သော်
အမိ ၀တ်ရုံလွှာအောက်က ရုန်းထွက်
အပြုံးမိုးစက်တွေ တစက်စက်နှင့်
ငိုသူငို၊ ရှိုက်သူရှိုက်
ကျွန်ုပ်သည်လည်း နာကျင်မှုကိုရင်ဝယ်ပိုက်
ရှူရှိုက်သမျှအသက်ရှူသံတွေဟာ
သက်ပြင်းတွေပါ အမိရယ်...
ဟိုးအဝေးကို ကြည့်လိုက်ပါဦးအမိ
ကိုယ်ပိုင်ဝတ်ရုံ၊ ခြုံထည်ကိုယ်စီနှင့်
အရောင်မျိုးစုံ...အမျိုးစုံလှရဲ့
ကိုယ်ပိုင်တောင်စွယ်၊ တောင်တန်းများမှာ
နေအစင်းစင်းအဖြစ် ထွက်ပေါ်လုပေါ့ အမိရယ်...
အမိမှာတော့ဖြင့် သမိုင်းပေးတာဝန်တွေထမ်းပိုးရင်း
မော်ကွန်းသစ်အတွက် အားတင်းနေရဆဲပေါ့...
အမိမပူပါနဲ့...
နိုင်ငံတော်မြေပုံဟာ....
ကျွန်တော်တို့လက်ထဲမှာပါအမိ
နေရောင်မှာ ရဲရဲတောက်တဲ့သွေးဟာ
ကျွန်တော်တို့ ကိုယ်ထဲမှာရှိတယ်အမိ....
နိုင်ငံတော်သီချင်းကြားတိုင်း
အမိကို တန်းသတိရမိတာကို
သက်သေတည်ပါတယ်။
အော်....
ဘယ်လို အခြေမျိုးမှာပဲဖြစ်ဖြစ်
အဖြူ၊ အစိမ်းကို တွဲဖက်မြင်မိရင်တော့ဖြင့်
ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေနဲ့ပါအမိရယ်....
ကျွန်တော် တမ်းတသမျှ၊ လွမ်းရသမျှဟာ
အမိရင်ခွင်ပေါ်မှာ ပေါက်ဖွားခဲ့တယ်ဆိုတာ
အစဉ်သတိရရင်း
ယခုရောက်ရာ အရပ်က ပဆစ်တုပ်
ဤကဗျာလေးတစ်ပုဒ်နဲ့ ပူဇော်လိုက်ပါရစေ။

နွေဦးလေ

ကမ္ဘာကြီးပူနွေးခြင်း



အဆုံးမသိတဲ့ ကောင်းကင်အောက်
တိမ်လိုလွင့်
အိုဇုန်းရဲ့ အပေါက်အပြဲသတင်းတွေကြားထဲ
နေမင်းကြီးက ငါတို့ရဲ့ခေါင်းထက်
သူ့အရှိန်နဲ့သူ လောင်မြိုက်
ငါတို့ခန္ဓာမှာ ဟိုတစ်ချက်၊ ဒီတစ်ချက်
ပူလောင်မှုတွေ ကမ္ဘာပျက်
အမာရွတ်တွေ အခါခါထပ်
အို...ရေမရှိ၊ ဘာမရှိ...
အိတ်ထဲကို စမ်းကြည့်တော့
သကြားလုံးတချို့
နှစ်ဆယ်၊ သုံးဆယ်
ဒါပဲရှိတော့လို့...၊ ဒါပဲစား၊ ဒါပဲဝါး
ခြေဦးတည့်ရာ ပြေးလွှားရင်း
မိုင်တိုင်တွေ တစ်ဖြတ်ပြီးတစ်ဖြတ်ကျော်သွားတယ်
ခိုစရာ သစ်ရိပ်မတွေ့
ညနေ မစောင်းသေးဘူး...။

နွေဦးလေ