Thursday, September 18, 2014

ဘာအလံမှထူမထားတဲ့မြေမှာ ပန်းတစ်ခင်းပွင့်မယ်


ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရင်ပဲ
ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်း စွပ်သလိုများဖြစ်သွားမလား
စီးကရက်တစ်ဖွာစာမှာပဲ.....
သေနတ်သံတွေဟာ မိသားစုထမင်းဝိုင်းကလေးဆီကို ဟင်းတစ်ခွက်အဖြစ် မှောက်ကျသွားခဲ့
ကလေးငယ်လေးတစ်ယောက်ရဲ့ နုပျိုခြင်းစာမျက်နှာမှာ
ကျည်ဆံတစ်တောင့် ဖောက်ဝင်သွားခဲ့တာ
ရင်နင့်စရာ
အော်ဟစ် ပြေးလွှားနေတဲ့ မိန်းမသားတစ်ယောက်ကို ငါ့နှမလေးများ ဖြစ်ခဲ့ရင် ဆိုပြီး မတွေးနိုင်ခဲ့တာ
ရင်နင့်စရာ
ယမ်းငွေ့တွေဝေနေတဲ့ လမ်းပေါ်မှာ တစ်ယောက်ကျည်ဆံတစ်ယောက် ခေါင်းထိုးခံလိုက်ဖို့အမိန့်စာ...
ဒီမှာ........ရင်ဘတ်ဟောင်းလောင်းပွင့်နေတဲ့ စာသင်ကျောင်းကလေး
ကျည်ဆံတစ်တောင့်ရဲ့တန်ကြေးနဲ့ လူ့အသက်တစ်ချောင်းကိုရိုက်ဖွင့်ခွင့်....
ချိန်ကိုက်ဗုံးဟာ ဘာကြောင့် အချိန်သိပ်တိကျခဲ့သလဲ
သွေးစွန်းနေတဲ့အလံကို မြဲမြဲကိုင်ပြီးဖွာလံကြဲသွားတဲ့အသားစများ....
ကလေးမလေးဟာ သူ့အဖေ အိမ်အပြန်ကို စောင့်ရင်း ငိုတယ်
ကလေးမလေးဟာ နှုတ်ဆက်စကားပြောမသွားပဲ ပုံလဲသွားတဲ့ သူ့အမေရှေ့မှာ ငိုတယ်
ကလေးမလေးဟာ ယမ်းငွေ့တွေ မွန်းလို့ ကမ္ဘာပျက်သလို ငိုတယ်
အပျက်အစီးပုံတွေရဲ့ အောက်ကနေ တိုးတိုးလေးညည်းနေတဲ့ ငြိမ်းချမ်းရေးသီချင်း တစ်စ...
မျက်ရည်တွေရွှဲနစ်နေတဲ့ပေါင်မုန့်ကြမ်းလေးတစ်ဖဲ့ဟာ စစ်ပွဲတစ်ပွဲရဲ့ ဆုလဒ်တဲ့လား
စစ်ကလောင်လိုက်လို့ ကန်းသွားတဲ့ မျက်လုံးတွေကို
အနာဂတ်လို့ သမုတ်ဦးမလား
အခါအခါနစ်ခဲ့နာခဲ့ရတဲ့....အမာရွတ်နံရံလေးမှာ
မဖြစ်နိုင်မှန်းသိသိနဲ့ သွေးစက်တွေနဲ့အခါခါရေးခြစ်သွားခဲ့ကြတဲ့ ဆုတောင်းများ.....
“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”
“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”

“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”
“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”................
.............................. ။ ။
နွေဦးလေ

No comments:

Post a Comment