Thursday, September 18, 2014

ဘာအလံမှထူမထားတဲ့မြေမှာ ပန်းတစ်ခင်းပွင့်မယ်


ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရင်ပဲ
ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်း စွပ်သလိုများဖြစ်သွားမလား
စီးကရက်တစ်ဖွာစာမှာပဲ.....
သေနတ်သံတွေဟာ မိသားစုထမင်းဝိုင်းကလေးဆီကို ဟင်းတစ်ခွက်အဖြစ် မှောက်ကျသွားခဲ့
ကလေးငယ်လေးတစ်ယောက်ရဲ့ နုပျိုခြင်းစာမျက်နှာမှာ
ကျည်ဆံတစ်တောင့် ဖောက်ဝင်သွားခဲ့တာ
ရင်နင့်စရာ
အော်ဟစ် ပြေးလွှားနေတဲ့ မိန်းမသားတစ်ယောက်ကို ငါ့နှမလေးများ ဖြစ်ခဲ့ရင် ဆိုပြီး မတွေးနိုင်ခဲ့တာ
ရင်နင့်စရာ
ယမ်းငွေ့တွေဝေနေတဲ့ လမ်းပေါ်မှာ တစ်ယောက်ကျည်ဆံတစ်ယောက် ခေါင်းထိုးခံလိုက်ဖို့အမိန့်စာ...
ဒီမှာ........ရင်ဘတ်ဟောင်းလောင်းပွင့်နေတဲ့ စာသင်ကျောင်းကလေး
ကျည်ဆံတစ်တောင့်ရဲ့တန်ကြေးနဲ့ လူ့အသက်တစ်ချောင်းကိုရိုက်ဖွင့်ခွင့်....
ချိန်ကိုက်ဗုံးဟာ ဘာကြောင့် အချိန်သိပ်တိကျခဲ့သလဲ
သွေးစွန်းနေတဲ့အလံကို မြဲမြဲကိုင်ပြီးဖွာလံကြဲသွားတဲ့အသားစများ....
ကလေးမလေးဟာ သူ့အဖေ အိမ်အပြန်ကို စောင့်ရင်း ငိုတယ်
ကလေးမလေးဟာ နှုတ်ဆက်စကားပြောမသွားပဲ ပုံလဲသွားတဲ့ သူ့အမေရှေ့မှာ ငိုတယ်
ကလေးမလေးဟာ ယမ်းငွေ့တွေ မွန်းလို့ ကမ္ဘာပျက်သလို ငိုတယ်
အပျက်အစီးပုံတွေရဲ့ အောက်ကနေ တိုးတိုးလေးညည်းနေတဲ့ ငြိမ်းချမ်းရေးသီချင်း တစ်စ...
မျက်ရည်တွေရွှဲနစ်နေတဲ့ပေါင်မုန့်ကြမ်းလေးတစ်ဖဲ့ဟာ စစ်ပွဲတစ်ပွဲရဲ့ ဆုလဒ်တဲ့လား
စစ်ကလောင်လိုက်လို့ ကန်းသွားတဲ့ မျက်လုံးတွေကို
အနာဂတ်လို့ သမုတ်ဦးမလား
အခါအခါနစ်ခဲ့နာခဲ့ရတဲ့....အမာရွတ်နံရံလေးမှာ
မဖြစ်နိုင်မှန်းသိသိနဲ့ သွေးစက်တွေနဲ့အခါခါရေးခြစ်သွားခဲ့ကြတဲ့ ဆုတောင်းများ.....
“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”
“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”

“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”
“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”................
.............................. ။ ။
နွေဦးလေ

Friday, April 5, 2013

သူငယ်ချင်းတစ်ယောက် ကို ကလစ်ခေါက်ကြည့်ခြင်း


မနက်ဖြန်နဲ့လောင်းကြေးထပ်ထားတဲ့ ဒီနေ့ဟာ
ဖဲမခိုးပါဘဲ အံဝှက်တွေ ထွက်ကျလာ
သူငယ်ချင်း.......နေကောင်းလား....
ဒီမှာ ရာသီဥတုက မုန်တိုင်းဆန်ဆန် ထန်တယ် ထန်တယ်
နေရောင်အောက်မှာ ဆံပင်ရှည်တွေကို ဖြန်ကျက်လိုက်တဲ့သူငယ်ချင်း
နေရောင်အောက်မှာ ဆံပင်တိုတွေကို သပ်တင်နေတဲ့ သူငယ်ချင်း
နေရောင်အောက်မှာ ဦးထုတ်ကိုမချွတ်တမ်း ဆောင်းထားတဲ့ သူငယ်ချင်း
နေရောင်အောက်မှာ ဆံပင်မတိုမရှည်နဲ့ ညနေခင်းဆန်တဲ့ သူငယ်ချင်း
သူငယ်ချင်း.......နေကောင်းလား
ကဗျာတွေကို နှုတ်ခမ်းဝ ကနေ မှုတ်တင်ထားတဲ့ နေ့
နာရီသံတွေပေါ် ပေါ့ပ် သီချင်း ချိုချိုလေးတွေ လွှင့်တင်ထား
ဧရာဝတီ ကို မျက်မှန်လေးပင့်တင်လိုက်တဲ့ ဆောင်းရာသီမှာ
ဂစ်တာလေးတွေ ငိုနေကြ......အနွေးထည်ထူထူနဲ့
အရောင်မျိုးစုံ အိမ်မက် လေးတွေနဲ့......
ခဲလုံးတွေ အဆက်မပြတ် ထိမှန်နေပေမဲ့
အမှတ်မရှိတဲ့ စာသူငယ်လေးတွေပေါ့
တစ်ကိုင်းတည်းမနားပေမဲ့   ငှက်ကလေးတွေ
နွေရာသီကိုမျှော်နေတဲ့ မိုးစက်တွေ
မိုးရာသီကိုမျှော်နေတဲ့ နှင်းစက်တွေ
တစ်တောင်ဆင်း တစ်တောင်တက်နေတဲ့ လမ်းတွေ
အပေါက်အပြဲတွေနဲ့ လောက ကို ရင်ဘတ်ထဲ ကထုတ်ထားလိုက်
မီးတောက်နေတဲ့ စကားလုံးတွေ၊ မြှားတွေအစင်းစင်းစိုက်ခဲ့ပေါ့
အဖြူကိုအရောင်ဆိုး တဲ့ သူ တွေလို
ကိုယ်ခြေရာ ကိုယ် ပြန်ခြေရာကောက်စရာမလိုဘူး
ကြွေကျပြစရာမလိုဘူး......ကြွေသွားလဲ ပြန်ကောက်ပြစရာမလိုဘူး
ထာဝရ ပွင့်ဝေမဲ့ ပန်းတွေ လို....လန်းနေမယ်
အနာဂတ်တွေမှာ ဘယ်တော့မှမခြောက်ခမ်းဘူး
လေထဲမှာ ရယ်မောသံတွေ လွင့်ဝဲသွားတိုင်း
နေ့စဉ်ထုတ်ကုန် အာရုံအပိုင်းအစ တွေမှာ
ကဗျာတွေ စွန်းစွန်းသွားတိုင်း
သူငယ်ချင်းတစ်ယောက်ယောက် ကို ကလစ်ခေါက်ခေါက် ကြည့်နေခဲ့မိပေါ့....။                      ။




                                                                                      နွေဦးလေ
                                                                            သူငယ်ချင်းများအတွက်

အရေးပေါ်ကားပေါ်က ကြက်ခြေခတ်များနဲ့ခဏတာ

တစ်ကြိုးငင်..နှစ်ကြိုးငင်..သုံးကြိုးငင်
ရှုပ်ထွေးစွာပင် ကွန်ယက်အဖြစ်..
ဖြန့်ကျက်
အကျဉ်းချထားတဲ့ တစ်ခန်းရပ်ရမ္မက်ကို
အာသာတငမ်းငမ်းနဲ့လျှာပေါ်ထိုးတင်
အရသာခံရင်း....
                လောင်ကျွမ်း...
"ဒီမှာ မောင်မင်း...သင်ကြောက်တတ်ပါသလား"

ခဲရာခဲဆစ်နဲ့ ထုဆစ်ထားရတဲ့
ငါတို့ရဲ့ကြေကွဲဖွယ်အဖြစ်သနစ်ကို..
ခပ်တင်းတင်းဖမ်းဆုပ်ထားတဲ့ကြားက
မျက်ရည်တွေ....ယိုစီးဖိတ်ကျ လာနေပြီ....
ဒီအချိန် ဒီအခါ...ဒီချိန်ခါမှာ..
သွေးသောက်ဖူးတဲ့...ဓားသွားလို...ကဗျာတစ်ပုဒ်ဟာ...
သွေးဆာဆာနဲ့ နေပူပူမှာ"ရဲရဲတောက်"
ဒါဟာလရောင်ရဲ့"တောက်"ခေါက်သံတစ်ချက်ဖြစ်နေရဲ့
ဒါဟာတိတ်တဆိတ် အိမ်မက်တွေကိုခြွေခူးမဲ့မျက်နှာဖုံးတပ်..
စက်သေနတ်တွေရဲ့နိဒါန်းဖြစ်နေရဲ့
"မောင်မင်း သင်ထန်းသီးစားနေပါသလား"
စားရင်းသောက်ရင်း...စားသောက်ရင်း...
လောကရဲ့ကန့်လန့်ဖြတ်တိမ်းစောင်းမှု
"သတိပြုပါ"
ငါတို့ရင်းခဲ့ရတဲ့ငါတို့ဖြစ်တည်မှု
"သတိပြုပါ"
ငါတို့ကိုယ်တိုင်ငါတို့ အဆုံးစီရင်မှု
"သတိပြုပါ"
နေကွယ်တောင်စောင်းက တောတောင်တွေရဲ့..
အသက်ရှူ... ငွေ့ရည်ဖွဲ့မှု
"သတိပြုပါ"
"လေးညှို့သံကိုမျက်တောင်မခတ်နားစွင့်နေပါ မောင်မင်း"
ဟိုမှာ ဒီမှာ ဟိုနေရာ ဒီနေရာမှာ...
ငါတို့ရဲ့ချိုရှရှ အိမ်မက်တွေဟာ...
လောကဓံကို ချကျွေးခံခဲ့ရပြီးပြီ...

နောက်ထပ်...နောက်တစ်ခါ...နောက်တစ်ခေါက်...
ခပ်ရှင်းရှင်းပြောရရင်...
အရာရာတိုင်းဟာ....
အဆက်မပြတ်လည်နေတဲ့ ဒလက်လို
အမြှုပ်ထနေတဲ့ဘီယာတစ်ခွက်လို
တရွှေ့ရွှေ့လွင့်နေတဲ့ ကောင်းကင်ပြာကြီးလို
ငါတို့နေ့စဉ်စားသုံးနေရတဲ့ ငါတို့ကံကြမ္မာရဲ့ဝှက်ဖဲတွေလို..
ဟော..ဟော....ပြောရင်းဆိုရင်းနဲ့
ဘ၀တွေဟာ ဖြုတ်ကနဲ ဖြုတ်ကနဲ...
ကြယ်တွေလို ကြွေကျကုန်ပြီ....။    ။
         
                                      နွေဦးလေ
                                  Hello Journal

စကားဝါ လွမ်းချင်း


တမေ့တမော....ရစ်သီနေသောအလွမ်း...
ဒီစခန်းမှာ....
တစ်ခါတစ်ရံ  ပန်းပွင့်ပုံပြင်
တစ်ခါတစ်ရံ  ငရဲခန်း
တိတ်ဆိတ်ခြင်းသာ ကြားနေရ
အမှောင်ကိုသာ ချဉ်းကပ်နေရ
ဒါဟာ ဘ၀တဲ့လား
အတ္တတွေကို ကျော်၊
ဒုက္ခတွေကို ကျော်... လို့ရယ်နဲ့
ဖြေမဆည်အောင် ငိုကြွေးခဲ့ရတယ်
 နင်ရယ်.....ငါရယ်.....စကားဝါရယ်...။


နွေဦးလေ
Icon Magazine 2013

အစိုင်အခဲလေးများအကြောင်း


လမ်းစလျှောက်တတ်ကတည်းက ဘ၀ကိုမြေကြီးထဲ ကြဲပက် စိုက်ပျိုးခဲ့တာ
အခုဆို စိုးရိမ်ရေမှတ် ရဲ့ ခပ်နီးနီးလေးမှာပဲ အိပ်တတ် စားတတ် နေတတ် ထိုင်တတ်
ဘ၀ပေးတဲ့ ရွှေနားကပ် အရောင်က ပါးကိုလောင်သွားခဲ့ဖူးတော့
အမာရွတ်ကလေးရဲ့ ပြောင်းပြန်နိယာမ မှာ သုည တွေပဲ ကြွင်းနေတတ်ခဲ့ပြီ ။
ဒီကနေ့ အိပ်ရာထနောက်ကျတဲ့ ရထားတစ်စင်းရဲ့ ခုတ်မောင်းခြင်းအတတ်ပညာမှာ
မောင်းတံတွေဟာ မနက်ဖြန်တွေကို ထုတ်ချင်းဖောက်ထားတဲ့   ထမင်းတစ်နပ် လိုလို
မရှိမဖြစ် ဆိုတဲ့ မရှိမဖြစ်တွေလိုလို
လှုပ်ပြရ ယိမ်းပြရ ကစားပြရတယ် ....... ရင်ဘတ်နဲ့သိမ်းထားလိုက်တော့
နေရာတကာ ပန်းတွေလိုက်ပွင့်တယ် ....
အမည်မသိတဲ့ အနက်ရှိုင်းဆုံးကို အနက်ရှိုင်းဆုံးထိ လှိုက်လောင်စေတယ်
ခေတ်ရဲ့ရေစီးမှာ မမျောခဲ့ပေမဲ့  အနည်ကျရမဲ့အစား သောင်တင်ခဲ့မိတယ်
မိုးတွေအုံ့ချင်ယောင်ဆောင်တယ်...... (မိုးစက်အတုတွေရွာချတယ်)
ကမ္ဘာကျော်တေးတစ်ပုဒ်ကို လက်ဖျောက်တီး ရင်းညည်းမိတယ်  ။
ဒါ...ဒါ...ဒါ ခေတ်ရဲ့ လူသတ်ကွင်းကို သွေဖီခဲ့တဲ့  လိပ်ပြာလေးတစ်ကောင်ရဲ့
နောက်ဆုံးသက်ပြင်းချသံ.... လူတွေ လူတွေ လူတွေ မကြားရဘူး မကြားတော့ဘူး
မြစ်တစ်မြစ်ကိုတောင် အရှင်လတ်လတ်ဖျောက်ပြနိုင်လောက်တဲ့အထိ
အဆိပ်က ပြင်းခဲ့တယ်.... အနာဂတ်ရဲ့အစီအမံနဲ့တော တောင်တွေကိုကဗျာတစ်ပုဒ်ရေးခဲ့မယ်
လူတွေရဲ့လူတွေအတွက် လူတွေအကြောင်း လူတွေက ရေးခဲ့မယ်
အနုစိတ်တဲ့စစ်ပွဲတွေထဲမှာ ပန်းတွေလိုက်ပွင့်တယ်(ရင်ဘတ်နဲ့သိမ်းထားလိုက်တော့)
နွေဦးကာလမှာ ပထမဆုံးကြွေကျခဲ့တဲ့ သစ်ရွက်ကလေးရဲ့ နာမည်ပေါ် မေးတင်ရင်း
မမွှေးတော့တဲ့ပန်းတွေကိုပဲ အခါခါ နမ်းရှိုက်
ကိုယ့်နှုတ်ခမ်းကိုယ်ကိုက် ထားမိတဲ့အခါ .......ဘ၀ကိုခဏခဏချနင်းဖြစ်တယ်
စင်ပေါ်က သူများဆိုတဲ့သူများတွေအတွက် လက်ခုပ်တီးရဲတဲ့ သတ္တိ နဲ့
ကိုယ် ရင်ဘတ်ကိုယ်ဖိထားတယ်........... မျက်လုံးတွေရဲ့ တောက်ပမှုကို
အခက်လက်ဆန်ဆန် ဖြာထွက်ထားတယ်...
ဘယ်နေရာမှာ  ဘယ်လောက်ထိ ဘယ်လိုပဲ ဆုံးရှုံးခဲ့ ကျဆုံးခဲ့ပါစေ
လက်ရှိရယ်မောနေမိတဲ့ ရယ်သံတွေထဲမှာ ကိုယ့်နာမည်ကို  ကြေးမထပ်ဘူး
ညီမျှခြင်းမချဘူး ........ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပုစ္စာတစ်ပုဒ်လိုတွက်နေမိတာကြာခဲ့ပေါ့
လမ်းစလျှောက်တတ်ကတည်းက ဘ၀ကိုမြေကြီးထဲ ကြဲပက် စိုက်ပျိုးခဲ့တာ ။                              ။


                                                                                                      နွေဦးလေ
                                                                                          New Style Magazine 2013

ပင့်ကူမျှင်တွေကြားက ပါးကွက်ကလေး ဖတ်ဖို့

သူငယ်ချင်း...ငါပြောတာကြားလား....
တူ...တူ.......တူ............တူ..........တူ...
ခေတ်ရေစီးအတိုင်း...လိုင်းနည်းနည်းကြောင်မယ်
ဒါပေမဲ့....
ဂရုတစိုက်နားထောင် ... .....
ကြားဖြတ်စကားတွေသိပ်နားယောင်မနေနဲ့တော့
(စိတ်ကြိုက်လဲနားယောင်ပြီးပြီမလား)
အနာဂတ်ရဲ့ ရွေ့လျှားနှုန်းကိုဆွဲဆန့်ဖို့....
မင်းရဲ့ဦးနှောက်ကို အနည်းငယ် သက်တမ်းတိုးပါ...
(လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ..... .. ..)
cosmetic ကြော်ညာတွေကို ခလုတ်နှိပ်ပြီးကျော်လိုက်...
မာနတွေ..ချိတ်စောင်း ချောင်းမြောင်းမှုတွေကို...
ခဏဖြစ်ဖြစ် ချော့သိပ်...
ကြီးနိုင်ငယ်ညှင်းစနစ်ကို လက်သီးဆုပ်ထဲ..
ခပ်တင်းတင်း ဖိနှိပ်ထားလိုက်ရင်းက....
ရိုးသာစွာနဲ့ ပဲ....နှလုံးခုန်သံကို
အင်ဂျင်တစ်လုံးရုန်းနေသလို..
မင်းကြားလိမ့်မယ်...
မယုံကြည်လဲချနင်းသွား...
(လူကြီးမင်းခေါ်ဆိုသော ..... .. ..)
အစာအိမ်တွေရဲ့ ဥသြဆွဲသံတွေကပေးတဲ့တွန်းကန်အားနဲ့...
အိပ်မှုန်စုတ်ဖွား .....အသိတရားတွေရဲ့ ရောထွေး ငြမ်းဆင်မှုမှာ
မျိုးရိုးဗီဇတွေရဲ့ အခက်အလက်ဖြာခြင်းက
လှပမှုတစ်မျိုးဆိုရင်
ကိုယ်နားထင်ကိုယ်ပြန်ထောက်နေရတဲ့
လက်ညှိုးတွေရဲ့ ခုတ်မောင်းအားမှာ
ငါတို့ဟာ.. ကိုယ့်အတတ်ကိုယ်စူးမယ့်ကျိန်စာတွေပဲ..
မယုံနဲ့ လို့လက် ခါ ပြဖို့
ကိုယ့် လိပ်ပြာကိုယ် ၀ှက်နေရဆဲမို့...
ကိုယ့်စားရိတ်ကိုယ် ရှင်းရမဲ့ ကန့်လန့်ဖြတ်ကွန်ရက်တစ်ခုမှာ
ကိုယ့်နာမည် ကိုယ်ခေါင်းစဉ်တပ်ပြီး....ကိုယ့်တွင်းကိုယ်တူးနေမိတာ..
ဒီကနေ့..     မနက်ဖြန်...    သန်ဖက်ခါ...
နေ့...     ည.......ပေါင်း    များ       စွာ ။                     ။





                                                                နွေဦးလေ
                                                       စာပွင့်လွှာ မဂဇင်း ၂၀၁၃

Monday, November 26, 2012

ပွဲတော်





ပျော်စရာ မော်စရာတွေက

ပျော်နိုင်သူ မော်နိုင်သူတွေအတွက်

ကျွန်တော့်အတွက်တော့
ဆေး၁ခွက်မဟုတ်ခဲ့ဘူး
ဘယ်ကိုတိမ်းတော့ ယိမ်းကားနဲ့တိုး
ညာကိုစောင်းတော့လည်းယိမ်းကားနဲ့တိုး
ဒီနေ့အိမ်ကိုတောင်ရောက်ပါ့မလားလို့
နားကြားမှာ စကားတစ်ပွင့်ထိုးထားရတယ်
အော်ဟစ်အားပေးသံတွေ လက်ခုပ် သံတွေပြန့်ကျဲနေတဲ့
လမ်းမပေါ်မှာ လူ၁ယောက် ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်နေတယ်
ကိုယ့်အသက်ရှူသံတွေ ကိုကိုယ် ပြန်မြိုချနေတယ်
လုပ်ကြပါဦး      ဒီလူအုပ်ကြီးကိုရှင်းပေးကြပါ
တဖြတ်ဖြတ်လက်နေတဲ့ခပ်ရင့်ရင့်အရောင်တွေကို
ကန်လန့်ကာချခိုင်းပေးပါ
ဒီမှာ ကျွန်တော် ၁ယောက်တည်း ၁ကမ္ဘာတည်နေတယ် ။ ။



နွေဦးလေ

တန်ဆောင်တိုင် ပွဲ(မြတ်စွယ်တော်ပွဲ) နွှဲနေသော ပြည်လမ်းမများမှအပြန်