Friday, April 5, 2013
အစိုင်အခဲလေးများအကြောင်း
လမ်းစလျှောက်တတ်ကတည်းက ဘ၀ကိုမြေကြီးထဲ ကြဲပက် စိုက်ပျိုးခဲ့တာ
အခုဆို စိုးရိမ်ရေမှတ် ရဲ့ ခပ်နီးနီးလေးမှာပဲ အိပ်တတ် စားတတ် နေတတ် ထိုင်တတ်
ဘ၀ပေးတဲ့ ရွှေနားကပ် အရောင်က ပါးကိုလောင်သွားခဲ့ဖူးတော့
အမာရွတ်ကလေးရဲ့ ပြောင်းပြန်နိယာမ မှာ သုည တွေပဲ ကြွင်းနေတတ်ခဲ့ပြီ ။
ဒီကနေ့ အိပ်ရာထနောက်ကျတဲ့ ရထားတစ်စင်းရဲ့ ခုတ်မောင်းခြင်းအတတ်ပညာမှာ
မောင်းတံတွေဟာ မနက်ဖြန်တွေကို ထုတ်ချင်းဖောက်ထားတဲ့ ထမင်းတစ်နပ် လိုလို
မရှိမဖြစ် ဆိုတဲ့ မရှိမဖြစ်တွေလိုလို
လှုပ်ပြရ ယိမ်းပြရ ကစားပြရတယ် ....... ရင်ဘတ်နဲ့သိမ်းထားလိုက်တော့
နေရာတကာ ပန်းတွေလိုက်ပွင့်တယ် ....
အမည်မသိတဲ့ အနက်ရှိုင်းဆုံးကို အနက်ရှိုင်းဆုံးထိ လှိုက်လောင်စေတယ်
ခေတ်ရဲ့ရေစီးမှာ မမျောခဲ့ပေမဲ့ အနည်ကျရမဲ့အစား သောင်တင်ခဲ့မိတယ်
မိုးတွေအုံ့ချင်ယောင်ဆောင်တယ်...... (မိုးစက်အတုတွေရွာချတယ်)
ကမ္ဘာကျော်တေးတစ်ပုဒ်ကို လက်ဖျောက်တီး ရင်းညည်းမိတယ် ။
ဒါ...ဒါ...ဒါ ခေတ်ရဲ့ လူသတ်ကွင်းကို သွေဖီခဲ့တဲ့ လိပ်ပြာလေးတစ်ကောင်ရဲ့
နောက်ဆုံးသက်ပြင်းချသံ.... လူတွေ လူတွေ လူတွေ မကြားရဘူး မကြားတော့ဘူး
မြစ်တစ်မြစ်ကိုတောင် အရှင်လတ်လတ်ဖျောက်ပြနိုင်လောက်တဲ့အထိ
အဆိပ်က ပြင်းခဲ့တယ်.... အနာဂတ်ရဲ့အစီအမံနဲ့တော တောင်တွေကိုကဗျာတစ်ပုဒ်ရေးခဲ့မယ်
လူတွေရဲ့လူတွေအတွက် လူတွေအကြောင်း လူတွေက ရေးခဲ့မယ်
အနုစိတ်တဲ့စစ်ပွဲတွေထဲမှာ ပန်းတွေလိုက်ပွင့်တယ်(ရင်ဘတ်နဲ့သိမ်းထားလိုက်တော့)
နွေဦးကာလမှာ ပထမဆုံးကြွေကျခဲ့တဲ့ သစ်ရွက်ကလေးရဲ့ နာမည်ပေါ် မေးတင်ရင်း
မမွှေးတော့တဲ့ပန်းတွေကိုပဲ အခါခါ နမ်းရှိုက်
ကိုယ့်နှုတ်ခမ်းကိုယ်ကိုက် ထားမိတဲ့အခါ .......ဘ၀ကိုခဏခဏချနင်းဖြစ်တယ်
စင်ပေါ်က သူများဆိုတဲ့သူများတွေအတွက် လက်ခုပ်တီးရဲတဲ့ သတ္တိ နဲ့
ကိုယ် ရင်ဘတ်ကိုယ်ဖိထားတယ်........... မျက်လုံးတွေရဲ့ တောက်ပမှုကို
အခက်လက်ဆန်ဆန် ဖြာထွက်ထားတယ်...
ဘယ်နေရာမှာ ဘယ်လောက်ထိ ဘယ်လိုပဲ ဆုံးရှုံးခဲ့ ကျဆုံးခဲ့ပါစေ
လက်ရှိရယ်မောနေမိတဲ့ ရယ်သံတွေထဲမှာ ကိုယ့်နာမည်ကို ကြေးမထပ်ဘူး
ညီမျှခြင်းမချဘူး ........ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပုစ္စာတစ်ပုဒ်လိုတွက်နေမိတာကြာခဲ့ပေါ့
လမ်းစလျှောက်တတ်ကတည်းက ဘ၀ကိုမြေကြီးထဲ ကြဲပက် စိုက်ပျိုးခဲ့တာ ။ ။
နွေဦးလေ
New Style Magazine 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment