Friday, October 19, 2012

သံယောဇဉ်ကို တကျော့ပြန် မွေးဖွားမိခြင်း

မေတ္တာမာန နဲ့ ခံယူချက်တစ်ခုအတွက် လူတွေထဲက လူတစ်ယောက်
မြောင်းပေးတာတောင် ရေမစီးခဲ့ဘူး
မြောင်းမပေးတော့မှ အချိန်တန် မိုး ကရှိုက်ကြီးတငင်သဲချ
ကိုယ့်မာန ကိုယ် နောက်ကောက်ချလို့ရချိန်
ဆောင်းခိုငှက်တွေက သူ့အိမ်မက်နဲ့သူအိပ်တန်းတက်လို့
နောက်ဆုံးတော့..နွေးထွေးတဲ့
သူငယ်ချင်းဆိုတဲ့ လက်တစ်စုံကိုပဲ
မ၀ံ့မရဲ ဖမ်းယူမိလိုက်တော့
အရင်က အမှတ်တရလေးတွေက
သူငယ်ချင်းဘက် ကိုယ့်ဘက် စိတ်နံရံနှစ်ဖက်ကြားမှာ မွှေးပျံ့ လို့ရယ်....
အော်ခေါ်လိုက်ရ ဦးမလား....
မဖြစ်နိုင် လူတွေထဲက လူတစ်ယောက်ဖြစ်တဲ့သူငယ်ချင်းက
ဆောင်းအိမ်မက်တွေနဲ့အတူ အနာဂတ်တွေက အိပ်တန်းတက် နေနှင့်ပြီးသား..
ကဗျာတွေ ..သီချင်းတွေ.....ကိုကြိုးနဲ့ သီထားရင်းက
အမှောင်မှာတိုးတိတ်စွာ ရင်ဘတ်ရဲ့အပြင်ဘတ်ကို ယိုဖိတ်ကျ.....
အကြည့်တွေ...ကတိတွေ....အမှတ်တရတွေ...
သံယောဇဉ်တွေသာအမျှင်အတန်းဆိုရင်
အာရုံမှာ သိပ်အံမ၀င် ပဲ ငြိနေမိတဲ့....
သူငယ်ချင်းဆိုတဲ့စကားစုက ကျွန်တော့်အတွက် တမြေ့မြေ့နစ်မဲ့နွံ ။ ။

                                                                နွေဦးလေ

Saturday, October 13, 2012

ဂျိုကာရဲ့မာယာ



ဂျိုကာ....ခင်ဗျားဟာကျွန်တော့်ရဲ့ပုံတူပန်းချီကားတစ်ချပ်ဖြစ်တယ်
ခင်ဗျားကခင်ဗျားကိုယ်ခင်ဗျားချိုးဖဲ့ လောင်ကျွမ်းနိုင်တယ်
ခင်ဗျားကနည်းရာကများရာ....များရာကနည်းရာ
အရှိန်အဟုန်ပြင်းပြင်းနဲ့...ကံကြမ္မာကိုရွှေ့စီးနိုင်တယ်
ဖဲတစ်ချပ်ရဲ့ဇီဝိန်ကို ခင်ဗျားကစကားဝှက်နဲ့လုံခြုံစေတယ်
ဂျိုကာ.....ခင်ဗျားဟာ ကျွန်တော်ရဲ့နံရံတစ်ချပ်ဖြစ်တယ်
ခင်ဗျားက မျှော်လင့်ခြင်းတွေနဲ့အလိုက်ဖက်ဆုံးယှဉ်တွဲနိုင်တယ်
ခင်ဗျားကလိုနေတဲ့ဟာကွက်တွေကို..လိုချင်တပ်မက်မှုကင်းကင်းနဲ့
ခင်ဗျားဘ၀ ကိုခင်ဗျားချနင်းပြီးအချိန်မီဖြည့်စွက်ပေးတယ်
လိုတဲ့အချိန်ရှိနေပေးတယ်....မလိုတဲ့အချိန် ကျောခိုင်းသွားရဲတဲ့သတ္တိ..
ခင်ဗျားမှာရှိတယ်.....
ဂျိုကာ.....ခင်ဗျားဟာ ကျွန်တော့်ရဲ့စိတ်တူကိုယ်တူ မှန်တစ်ချပ်ဖြစ်တယ်
ခင်ဗျားက ထာဝရရယ်မောနေမဲ့ဟန်နဲ့.....ခင်ဗျားကလူရွှင်တော်သက်သက်
သုံးစွဲသူတွေရဲ့ အပြုံးတွေ..ရယ်မောခြင်းတွေကိုခြွေချဖို့က
ခင်ဗျားအတွက်သိပ်မခက်တဲ့အလုပ်....
ဂျိုကာ.....ခင်ဗျားဟာ ကျွန်တော့်ရဲ့ဗီဇသွေးကြောဖြစ်တယ်
ခင်ဗျားက နိုင်ရင်လည်းရယ်တယ်...ရှုံးရင်လည်းရယ်တယ်
အချစ်ဆိုတာစစ်ပွဲတစ်ပွဲလား...ဂျိုကာ
အချစ်ဆိုတာကို ရယူခြင်းလို့ခင်ဗျာမှတ်ယူမိသေးလား....ဂျိုကာ
ခင်ဗျားလျှောက်မဲ့လမ်းမှာ ပန်းတွေခင်းထားသေးလား..ဂျိုကာ
ခင်ဗျားမန်းမှုတ်ခဲ့တဲ့မှော်ဝင် ဂီတရဲ့ပျိုမျစ်မှုတွေကို..
ခင်ဗျားခြွေခူးရက်ခဲ့လား.....ဂျိုကာ
ခင်ဗျားစိတ်နဲ့ခင်ဗျားကိုယ်ကို ခဏဖြစ်ဖြစ် ဆွဲကပ်ဖြစ်သေးလား...ဂျိုကာ
ခင်ဗျားထမ်းထားတဲ့ဂစ်တာမှာ...ငြိမ်းချမ်းရေးသီချင်းတွေ
ရစ်ပတ်ချည်နှောင်မိသေးရဲ့လား..ဂျိုကာ
ဂျိုကာ.....ခင်ဗျားဟာ လူဖတ်နည်းတဲ့ကဗျာတစ်ပုဒ်ဖြစ်တယ်
ဂျိုကာ....ခင်ဗျားဟာကိုယ့်မျှော်လင့်ချက်ကိုယ်အဆုံးစီရင်ရဲတဲ့
မျက်နှာဖုံးဝတ်....လူသတ်သမားဖြစ်တယ်
ဂျိုကာ...ခင်ဗျားဟာ အနီရောင်ခေါက်ထီးလေးတစ်ချောင်းဖြစ်ခဲ့ဖူးတယ်
ဂျိုကာ...ခင်ဗျားဟာ ကျောပိုးအိတ်လွယ်ထားတဲ့ဂျင်းအင်္ကျီလေးရဲ့
ဝိညာဉ်ဖြစ်ခဲ့ဖူးတယ်....
ဂျိုကာခင်ဗျားဟာ...အညိုရောင်ဖီးဆန့်ဘီးလေးရဲ့အနာဂတ်ဝှက်ဖဲတစ်ချပ်ကို
အခုထက်ထိ...သိမ်းဆဲထားသူဖြစ်တယ်
ဂျိုကာ...ခင်ဗျားဟာ..အနွေးထည်ခရေဇီ ဖြစ်သူတစ်ယောက်ဖြစ်တယ်
ဂျိုကာ...ခင်ဗျားဟာ မသောက်ဘဲမူးတတ်တဲ့...အရက်သမားဖြစ်ခဲ့တယ်
ဂျိုကာ..ခင်ဗျားဟာ စွန့်လွှတ်အနစ်အနာခံခြင်းတွေကို..
အလံလို လွှင့်ထူထားသူတစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့တယ်
တွေဝေ မိန်းမောခြင်း.....လွမ်းဆွတ်တမ်းတခြင်းတွေရဲ့အလွန်မှာ..
မျှော်လင့်ချက်အလင်းတန်းတွေ ရဲ့ဆုံမှတ်ကို ပြန်လည်ရှာဖွေတွေ့ရှိတဲ့အခါ
ခင် ဗျား ကိုယ် ခင် ဗျား အ မြန် ဆုံး ဆက် သွယ် ပါ.........ဂျိုကာ                 ။                ။

                                                                             နွေဦးလေ